ဘဝရည်မှန်းချက်ရေရေရာရာမသိသေးဘူးဆိုရင် လုပ်ကြည့်သင့်တဲ့အချက်တွေ

အချို့ကတော့ ဘာလုပ်မယ်၊ ဘာဖြစ်ချင်တယ်….ဆိုပြီး ရည်မှန်းချက်ရှိတတ်ကြပါတယ်။ ရှိသလိုလည်း ကိုယ်သွားမယ့်လမ်းကြောင်းကို ကိုယ်တိုင်ရွေးချယ်ပြီး လျှောက်တတ်ကြပါသေးတယ်။ ဇွဲ၊လုံ့လ၊ ဝီရိယနဲ့ အခက်အခဲတွေကို ရင်ဆိုင်ပြီး ကျော်ဖြတ်လိုက်တဲ့အခါ အစွမ်းအစတွေတိုးတက်လာပြီး ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိနိုင်တာပေါ့။ တချို့ကတော့ ဘဝမှာ ဘာကြီးဖြစ်ရမယ်ရယ်လို့ ရေရာစွာမသိကြပါဘူး။ အဲဒါကြောင့်ကိုပဲ ဘယ်လမ်းကြောင်းကိုရွေးလို့ ဘာလုပ်မယ်ဆိုတာကို မသိကြဘဲ ဘယ်ကိုခရီးပေါက်အောင်လျှောက်ရကောင်းမှန်းမသိပြန်ပါဘူး။ အဲဒီ့အခါ ဘယ်လိုလုပ်သင့်ပါသလဲ။


ကိုယ့်ဘဝမှာ ဘာဖြစ်ရမယ်လို့ ရည်မှန်းချက်ထားနိုင်တဲ့သူနဲ့ ရည်မှန်းချက်မထားနိုင်တဲ့သူက ကွားခြားမှုတွေတော့ရှိပါတယ်။ ရည်မှန်းချက်သတ်မှတ်ထားတဲ့သူအတွက် သူလျှောက်မယ့်လမ်းကြောင်းကို သတ်သတ်မှတ်မှတ် ရွေးချယ်ပြီးသားမို့ ထိုရည်မှန်းချက်နဲ့သက်ဆိုင်တဲ့လမ်းကြောင်းကို တစိုက်မတ်မတ်နဲ့ ဇွဲရှိရှိ လျှောက်ဖို့သာ လိုအပ်တာပါ။
ကိုယ့်ဘဝရည်မှန်းချက်မရှိသေးတဲ့သူကတော့ စမ်းတဝါးဝါးနဲ့ ဘယ်လမ်းလျှောက်ရမယ်မှန်းမသိဖြစ်နေတတ်ပါတယ်။ အဲဒါအပြင် ကိုယ်လျှောက်နိုင်မယ်ထင်ပြီး ရွေးချယ်လိုက်ပြီးကာမှ ကိုယ်လုံးဝစိတ်မဝင်စားနိုင်တဲ့ နယ်ပယ်ဖြစ်နေတာမျိုးကြုံနိုင်ပါတယ်။ ဘယ်လိုမှ ကိုယ့်စိတ်ကိုနှစ်လို့မရနိုင်တဲ့နယ်ပယ်မျိုးဖြစ်နေတဲ့အခါ ကိုယ်က နောက်ထပ် နယ်ပယ်တစ်ခုမှာ ပြန်လည်စတင်ဖို့ကြိုးစားရတာမို့ အသစ်ကနေ အရာအားလုံးပြန်စရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ဘဝမှာ ရည်မှန်းချက်ရယ်လို့ ရေရာစွာမသတ်မှတ်ထားနိုင်သေးခင် ယေဘုယျအားဖြင့်တော့ ဘယ်အလုပ်ကို စိတ်ဝင်စားနိုင်သလဲ၊ ကိုယ်တကယ် စိတ်ထဲက လိပ်ပြာသန့်သန့်နဲ့ နှစ်နှစ်ကာကာလုပ်နိုင်ပါ့မလား မေးကြည့်သင့်ပါတယ်။

၁) ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြည့်ပါ။
ကိုယ့်ကိုကိုယ် ယေဘုယျအားဖြင့် ဘယ်အပိုင်းမှာ ဝါသနာပါသလဲ၊ ကိုယ့်ရဲ့စိတ်ထဲက နှစ်နှစ်ကာကာနဲ့ လုပ်နိုင်မယ့်နေရာဖြစ်မလားလို့ တွေးကြည့်ပါ။

၂) ကိုယ့်ရဲ့အားသာချက်ကိုပြန်ဆန်းစစ်ပါ။
အဓိကက ကိုယ့်ကိုကိုသိဖို့အရေးကြီးပါတယ်။ ကိုယ့်ရဲ့အားနည်းချက်ကို သိပြီး ကိုယ့်ရဲ့အားသာချက်ကို သိခြင်းက ဒီနေရာမှာ ကောင်းကောင်းအသုံးချနိုင်ပါတယ်။ ဥပမာ၊ လူမှုဆက်ဆံရေးကောင်းတဲ့လူတစ်ယောက်က အဓိကအားဖြင့် လူထုနဲ့ထိတွေ့ရတဲ့၊ လူမှုဆက်ဆံရေးနဲ့သက်ဆိုင်တဲ့အလုပ်မျိုးကို ရွေးသင့်ပါတယ်။ ထိုနေရာမျိုးမှာပိုပြီးအောင်မြင်ဖို့ရာခိုင်နှုန်းများပါတယ်။ Introvert ဆိုရင် တစ်ယောက်တည်း တွေးတောစဉ်းစားပြီး အစီအစဉ်ဆွဲပေးရတဲ့အလုပ်မျိုးမှာ အောင်မြင်နိုင်ချေများတယ် စသဖြင့်ပေါ့။ ကိုယ့်ရဲ့အားသာချက်ပေါ်မူတည်ပြီး ကိုယ်သွားမယ့်လမ်းကြောင်းကို ရွေးချယ်ခြင်းက ကိုယ်ပျော်ရွှင်ဖို့ပိုအခွင့်အလမ်းများပါတယ်။ ကိုယ်ပျော်ရွှင်တဲ့အလုပ်ကိုလုပ်ရတဲ့အခါ ထိုအလုပ်ခွင်၊ ထိုလမ်းကြောင်းမှာ မြန်မြန်ခရီးရောက်ပြီး အောင်မြင်နိုင်ပါတယ်။

၃) ကိုယ်ယေဘုယျအားဖြင့်ရွေးချယ်ထားတဲ့လမ်းကြောင်းကိုပြန်ဆန်းစစ်ပါ။
ပထမအဆင့်အနေနဲ့ ကိုယ်လုပ်နိုင်မယ်ထင်တဲ့လမ်းကြောင်းတစ်ခုကိုတော့ ရွေးလိုက်ပြီ၊ တကယ်လုပ်နိုင်တယ်ဆိုရင် ထိုလမ်းကြောင်းကနေ မြင့်တဲ့နေရာတစ်ခုထိ ကိုယ်ရောက်အောင်သွားမယ်လို့ ကြိုတင်မှန်းထားတာပါ။ ကိုယ်ကြိုတင်မှန်းထားတဲ့လမ်းကြောင်းကို ကိုယ်လျှောက်နိုင်ပါ့မလား၊ ကိုယ့်မှာ ဘာအရည်အချင်းတွေလိုမလဲ၊ အဖိနှိပ်ခံရတာမျိုးတွေ၊ နာကျင်ရတာမျိုးတွေ၊ ပင်ပန်းတာတွေကြုံလာရရင် ကိုယ်ကျော်ဖြတ်နိုင်ပါ့မလား ကိုယ့်ကိုကိုယ်ပြန်မေးပါ။

၄) စမ်းလုပ်ကြည့်ပါ။
ယေဘုယျအားဖြင့် ကိုယ်တိုင်လုပ်နိုင်တယ်လို့ ထင်တဲ့လမ်းကြောင်းထဲက အလုပ်တစ်ခုခုကို စလုပ်ကြည့်လိုက်ပါ။ တကယ်လုပ်ကြည့်တော့မှ သင်ထင်ထားတာထက် ပိုတဲ့ အခက်အခဲတွေကို သင်ခံနိုင်ရည်ရှိမရှိသိရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ထိုလမ်းကြောင်းကအခက်အခဲတွေကို သင်ဘယ်လိုကျော်ဖြတ်မလဲ၊ ဒီလမ်းကြောင်းက တကယ်ကော ကိုယ်လုပ်နိုင်ပါ့မလား….ဆိုတာပါ သိလာပါလိမ့်မယ်။

၅) အခက်အခဲတွေကိုပြန်ဆန်းစစ်ပါ။
ကိုယ်စသွားမယ်လမ်းကြောင်းကို ရွေးပြီး စမ်းသပ်တဲ့အနေနဲ့လုပ်ကြည့်တဲ့အခါမှာတော့ သင်ရေရှည်မှာ ဒီအလုပ်မျိုးလုပ်နိုင်မလုပ်နိုင်သိလာမှာပါ။ အခက်အခဲတွေကြုံရတဲ့အခါ စိတ်ပျက်မိ၊ စိတ်လျှော့ချင်စိတ်တွေဖြစ်လာမှာဖြစ်ပေမယ့် အခက်အခဲတွေက ကိုယ်ကျော်ဖြတ်နိုင်တဲ့၊ ကိုယ်ထိန်းချုပ်နိုင်တဲ့အခက်အခဲမျိုးလား၊ အဲဒါဆိုရင် ကိုယ်တိုင်ဖြေရှင်းပါ။ ကိုယ့်ရဲ့အစွမ်းအစလိုနေတယ်ဆိုရင် ကိုယ့်ကိုကိုယ်အစွမ်းအစတွေပြည့်ဝလာအောင် ကြိုးစားပါ။ ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စမျိုးဆိုရင်တော့ ဘယ်လိုမျိုးလျစ်လျူရှုမလဲတွေးပါ။

၆) ကိုယ်ရောက်နေတဲ့လမ်းကြောင်းပေါ်မှာ ပိုပြီးအဆင့်မြင့်တဲ့နေရာတစ်ခုကို စိတ်ကူးကြည့်ပါ။
ခုလက်ရှိကိုယ်က account ပိုင်းမှာလုပ်နေတယ်ဆိုပါတော့…..စာရင်းကိုင်နေရာကနေ စာရင်းစစ်တဲ့သူအဖြစ်စိတ်ကူးယဉ်ကြည့်လိုက်ပါ။ ပိုပြီး ပျော်နိုင်မလား….၊ ဒီထက်ပိုမြင့်တဲ့ရာထူးတစ်ဆင့်ချင်းတိုးတက်အောင်ကြိုးစားချင်စိတ်ရှိသလားလို့ ကိုယ့်ကိုကိုယ်မေးကြည့်ပါ။ မဖြစ်ချင်ဘူးဆိုရင်တော့ သင်ကခုလက်ရှိလုပ်နေတဲ့အလုပ် ဒါမှမဟုတ် ကိုယ်သွားနေတဲ့လမ်းကြောင်းအတွက် မြင့်မားတဲ့ရည်မှန်းချက်မရှိဘဲ ရေလိုက်ငါးလိုက်နဲ့ စားသာတာကိုလုပ်နေတယ်လို့ ကိုယ့်ကိုကိုယ်ဝေဖန်သင့်ပါတယ်။ အဲဒါဆိုရင်တော့ ဒီလမ်းကြောင်းကို တကယ်စိတ်ပါလို့မဖြစ်နိုင်တော့ပါဘူး။
ဘာကြောင့်လဲဆိုတော့ လူ့ဘဝက တစ်သက်လုံးဒီတိုင်းနေလို့မဖြစ်နိုင်ပါဘူး။ ကိုယ်ရောက်နေတဲ့လမ်းကြောင်းရဲ့ ပိုမြင့်တဲ့နေရာတစ်ခုရောက်အောင် အမြဲကြိုးစားနေသင့်ပါတယ်။ အဲဒါကြောင့် သင်ရောက်ရှိနေတဲ့လမ်းကြောင်းရဲ့ နောက်ထပ်နေရာတစ်နေရာအတွက် စိတ်ကူးယဉ်ကြည့်သင့်ပါတယ်။ ကိုယ်သာ စာရင်းကိုင်ဘဝကနေ စာရင်းစစ်ဘဝရောက်ရင် ပျော်ပါ့မလား၊ ပိုပြီး စွမ်းရည်ထက်မြက်လာခြင်းနဲ့အတူ ဘဝတိုးတက်လာခြင်းပါတွဲပါလာမှာမို့ ကြိုးစားနေသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ သင့်ကိုသင်ပြန်ပြုပြင်သင့်နေပါပြီ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။