ဘဝမှာပျော်ရွှင်စွာနေထိုင်နိုင်စေဖို့ လိုအပ်တဲ့စွမ်းရည်များ

ဘဝမှာ လိုအပ်တဲ့စွမ်းရည်တွေထဲမှာလည်း ပျော်ရွှင်အောင်နေထိုင်တတ်ဖို့ စွမ်းရည်လည်းလိုအပ်ပါသေးတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ်သေချာနားလည်လက်ခံထားတဲ့သူက ရောက်တဲ့နေရာမှာပျော်ရွှင်အောင်နေထိုင်တတ်ပါတယ်။ အဲဒါကြောင့် ဘဝမှာ ပျော်ရွှင်စွာနေထိုင်တတ်စေဖို့ လိုအပ်တဲ့စွမ်းရည်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ဘဝအတွက် အစီအစဉ်ချမှတ်ထားပြီး အတတ်နိုင်ဆုံး လိုက်နာပါ။
ဘဝအတွက် ဘယ်အချိန်မှာ ဘာဖြစ်အောင်လုပ်မယ်….ဘယ်လိုအခြေအနေမျိုးရောက်အောင် ဘယ်အသက်အရွယ်မှာ ဖြစ်အောင်ကြိုးစားမယ်ဆိုတာမျိုး အစီအစဉ်ချမှတ်ထားပါ။ ထိုအစီအစဉ်အတိုင်း အတတ်နိုင်ဆုံးဖြစ်အောင် ကြိုးစားပါ၊ ကိုယ့်ကိုယ်ကိုယ်လည်း အမြဲတမ်း alrm လုပ်နေပါ။ အဲဒါဆို သင့်ဘဝမှာ ပျင်းရိချိန်ပင်မရတော့ဘဲ ဘယ်လပိုင်းလောက်မှာ ဘာဖြစ်ရမယ်ဆိုတဲ့စိတ်မျိုးနဲ့ အမြဲအစီအစဉ်ကို လိုက်နာဖို့ကြိုးစားနေပါလိမ့်မယ်။ ဦးတည်ရာတစ်ခုကို သတ်မှတ်ပြီး ခရီးဆက်နေသလိုမျိုးပေါ့။ ခုလက်ရှိ သင်လျှောက်နေတဲ့လမ်းက ရေစုန်မြောနေတာမဟုတ်ဘဲ သေချာဦးတည်ထားတဲ့နေရာရှိနေတာကြောင့် သင့်ဘဝပိုအဓိပါ္ပယ်ရှိလာသလိုခံစားရပါလိမ့်မယ်။ ပြီးတော့ သင်မှန်းထားတာတွေ ဖြစ်လာတဲ့အခါ သင်ပိုပျော်ရွှင်လာနိုင်ပါတယ်။ ဥပမာ သင်က ၁၀ခုမှန်းထားပေမယ့် ၄ခုလောက် ဖြစ်လာရင်လည်း သင်ပျော်နေမှာပါပဲ။ နောက်လမ်းတွေဆက်လျှောက်ဖို့လည်း ခွန်အားဖြစ်စေပါလိမ့်မယ်။

၂) ကိုယ့်ကိုယ်ကိုယ်တိုးတက်မှုရှိအောင်လုပ်ပါ။
ပြောချင်တာက သင်ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်နိုင်ရင် သင်ပျော်ရွှင်ပါလိမ့်မယ်။ သင့်မှန်းထားတာလေးတွေဖြစ်လာရင်၊ သင်လုပ်ချင်တဲ့အလုပ်ကိုလုပ်ခွင့်ရရင်၊ သင်အောင်ချင်တဲ့ဝင်ခွင့်တွေအောင်မြင်ရင်စသဖြင့်ပါ။ အဲလိုဖြစ်ဖို့က သင့်စွမ်းရည်တွေကို တိုးတက်အောင်လုပ်ဖို့ပါပဲ။ သင်စိတ်ဝင်စားတဲ့အရာပေါ်မှာ သင့်စွမ်းရည်ကို ပိုတိုးတက်လာအောင်ကြိုးစားဖို့ သင့်ကိုသင်တွန်းအားပေးပါ။ အထက်ကလို အစီအစဉ်ချမှတ်ပြီး လိုက်နာပါ။ ဖြစ်မြောက်လာရင် သင့်ဘဝမှာ သင်ပျော်လာပါလိမ့်မယ်။

၃) အကောင်းမြင်စိတ်မွေးဖို့ကျင့်ယူပါ။
အဆိုးတွေကြုံလာရင်တောင် ထိုအဆိုးတွေထဲက အကောင်းတခုခုရှာကြံတွေးတတ်အောင်ကျင့်ပါ။ အလေ့အကျင့်ဖြစ်လာရင် ဘယ်လောက်အဆိုးကြုံကြုံ သင့်စိတ်ကိုပြုပြင်ပြီးသားဖြစ်သွားပါလိမ့်မယ်။ အပြုံးမပျက်၊ အရယ်မပျက်နေတတ်လာပါလိမ့်မယ်။ ချော်လဲသွားရင်တောင် “အော်….ချော်လဲဖူးတော့ ဒီနေရာကို နောက်တစ်ခါရောက်ရင် သတိထားတတ်သွားတာပေါ့…..” ဆိုပြီးတွေးတာမျိုး၊ ချစ်သူကဖောက်ပြန်သွားရင်တောင် “ဖောက်ပြန်တတ်တဲ့ချစ်သူ လက်မထပ်ခင် ဖောက်ပြန်သွားပြီးသူ့စရိုက်ပေါ်လာတာပဲကျေးဇူးတင်ရအုံးမယ်” လို့တွေးတာမျိုးပေါ့။

၄) ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာအောင်ကြိုးစားပါ။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့သူက အခြားသူတွေကြောင့် သိပ်စိတ်မညစ်တတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့က အထက်ကပြောသလို ကိုယ်စီစဉ်ထားတာတွေကို သေချာလိုက်နာနိုင်ရင် ကိုယဖြစ်ချင်တာ၊ ပုံဖော်ချင်တာလေးတွေဖြစ်လာမယ်၊ ကိုယ်လုပ်ချင်တာလေးတွေလုပ်ခွင့်ရလာမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်တယ်ဆိုတဲ့ယုံကြည်မှုတိုးလာနိုင်ပါတယ်။ သပ်ရပ်စွာ ယုံကြည်မှုရှိတဲ့အဝတ်အစားအပြင်အဆင်မျိုး ဝင်ဆင်ပါ။
ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ပါ။ ကိုယ့်အောင်မြင်မှုလေးတွေကိုပြန်တွေးပါ။

၅) အလုပ်နဲ့ဘဝကို မျှတအောင်နေထိုင်ပါ။
အလုပ်ဖိစီးပြန်ရင် ဘဝမှာထိခိုက်ပြန်ပါတယ်။ အလုပ်ပေါ့ပျက်စွာလုပ်ပြန်ရင် ဘဝမှာထိခိုက်ပြန်ပါတယ်။ အလုပ်နဲ့ဘဝက မျှတမှ သင့်ဘဝကိုပိုပြီး ပျော်ရွှင်စေနိုင်တာဖြစ်ပါတယ်။ အဲဒါကြောင့် မိသားစုနဲ့ အချိန်ပေးတာ၊ အပျော်ခရီးထွက်တာ၊ မုန့်လျှောက်စားတာမျိုးလုပ်ပေးသင့်ပါတယ်။

၆) ရည်မှန်းချက်သတ်မှတ်ပြီး ရည်မှန်းချက်ကိုပုံဖော်ပါ။
ရည်မှန်းချက်ရှိတဲ့သူက အချိန်အလကားမဖြုန်းတီးမိတော့ပါဘူး။ ကိုယ့်အချိန်ကို အကျိုးရှိစွာအသုံးချတတ်လာသလို ကိုယ်မှန်းထားတာတွေဖြစ်လာရင် ပိုပျော်ရွှင်ရပါတယ်။ ကိုယ့်ဘဝမှာလည်း ပိုပြီးနေပျော်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတိုးလာစေပါတယ်။ ကိုယ့်ရဲ့ skills လည်းပိုတိုးတက်လာဖို့ အားစိုက်လာတတ်ပါတယ်။

၇) ကြင်နာစိတ်မွေးပါ။
မျှဝေတတ်ခြင်းက ကြင်နာစိတ်၊ ကိုယ်ချင်းစာစိတ်ကိုအခြေခံပါတယ်။ မျှဝေတတ်ခြင်းက ပီတိကိုဖြစ်စေပါတယ်။ လူသားချင်းကြင်နာတတ်တဲ့စိတ်က ပျော်ရွှင်စေပါတယ်။ ဒါပေမယ့် လူ့အဆိပ်တွေနဲ့တော့ အတတ်နိုင်ဆုံး ပညာရှိနည်းနဲ့ရှောင်တတ်ပါစေ။ စေတနာထားသင့်တဲ့လူနဲ့ စေတနာကို ခုတုံးလုပ်မယ့်သူရွေးချယ်တတ်ဖို့လိုပါတယ်။

၈) လူ့အဆိပ်တွေကို ရှောင်ကျဉ်ပါ။
လူ့အဆိပ်ဆိုတာက သူ့အတွက်သူကြည့်တတ်သူ၊ သူ့အတွက်ဆို ဘယ်သူ့ကိုမဆို ဒုက္ခပေးဖို့ဝန်မလေးသူ၊ စေတနာအလွဲသုံးစားလုပ်တတ်သူ၊ သင့်ကို ပြဿနာပေါင်းသောင်းခြောက်ထောင်ပေးမယ့်သူမျိုးတွေပါ။ သူတို့နဲ့ပတ်သက်လို့ သင့်ကိုအကျိုးမရှိစေတဲ့အပြင် ဒုက္ခပါအဆစ်ပေးသွားမယ့်သူမျိုးတွေပါ။ ပျော်ရွှင်တဲ့ဘဝကိုလိုချင်ရင် လူ့အဆိပ်တွေကို ကိုယ့်ဘဝထဲက ဖယ်ထုတ်ပစ်လိုက်ပါ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။